PDF နှင့် ERO များကို အရေးယူမည်ဟု မင်းအောင်လှိုင် ကြွေးကြော်ပြီးနောက် စစ်စခန်းများ ဆုံးရှုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးသေဆုံး By ရန်ကုန်ခေတ်သစ် -အခုရက်ပိုင်း ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အသေများနေသလို ဖမ်းဆီးခံနေရမှုတွေရှိပြီး စစ်စခန်းတွေလည်း ဆုံးရှုံးနေပါတယ်။ - မတ်လ ၂၇ ရက်နေ့မှာ မင်းအောင်လှိုင်က PDF နှင့် အားပေးကူညီနေသည့် ERO များကို ပြင်းပြင်း ထန်ထန်အရေး ယူမယ်လို့ ကြွေးကြော်ပြီးနောက် စစ်သားတွေ အသေများပြီး စစ်စခန်းတွေဆက်တိုက် ဆုံးရှုံးလာတာပါ။ -ကရင်ပြည်နယ်မှာ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့နေရာအများအပြားကို KNLA အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ - မြဝတီကုန်သွယ်ရေးဇုန် နှင့် သင်္ကန်းညီနောင်ရဲစခန်းကို မနက် ၅နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီးအဲဒီ တိုက်ခိုက်မှုမှာ ရဲ ၁၁ ဦးသေကာ ဒုရဲမှူး အပါအဝင် ရဲနှင့်မိသားစုဝင် ၈ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ -အဲဒီတိုက်ခိုက်မှုကို Cobra စစ် ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း နဲ့ Federal Wings၊ Golden Eagle၊ ရောင်နီတို့ ပူးပေါင်းပါဝင်ခဲ့ပြီး လက်နက် ၁၇ လက်နဲ့ ခဲယမ်းအများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။ - ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဥပဒေတွေနဲ့ အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး နှိပ်စက် ညှဉ်းပန်းမှုတွေ မရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ - ကော့ကရိတ်မြို့နယ်မှာလည်း ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ ၊ ၊ကျုံဒိုး ဗျူဟာကုန်း နဲ့ ဂျိုင်းတံတား အနီးက စစ်ကောင်စီတပ်တွေကို မနက် ၇ နာရီလောက်က တပြိုင်နက်ထဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦး ထက် မနည်းသေဆုံး ခဲ့ပါတယ်။ -ဂဠုန်စစ်ကြောင်း အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက လက်နက်ကြီး ၊လက်နက်ငယ်တွေ ၊Fixed Wing Drone တွေ၊ Sniper တွေနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။ - စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ ရဟတ်ယာဉ် နှစ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ -အလားတူ ကရင်နီပြည်နယ်မှာလည်း စစ်ကြောင်းထိုးကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ကရင်နီ ပူးပေါင်း တပ်တွေရဲ့ ခုခံတော်လှန်မှုကြောင်း အများအပြားသေဆုံးခဲ့ပါတယ်။ -အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်မှ ၉၀ ကျော်သေပြီး ၅၀ ကျော်ဒဏ်ရာရခဲ့သလို့ ကရင်နီမဟာမိတ် တပ်ပေါင်းစု ဘက်မှလည်း ၅ ဦးမြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ -မတ် ၂၈ ရက်နေ့မှာတော့ KNU တပ်မဟာ ၅ က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးစခန်းဖြစ်တဲ့ မယ့်ခါထာစခန်းကို သိမ်းပိုက်လိုက်ပါတယ်။ -အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးသလို စစ်လက်နက်ပစ္စည်းတွေကိုလည်း KNU က သိမ်းဆည်း ရမိခဲ့ပါတယ်။